
ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးပေါင်းစုံ ၁၃၅ မျိုး အနက်ထဲမှပအိုဝ်းတိုင်းရင်းသားများလည်း ပြည်ထောင်စုသားထဲက ပါဝင်သော လူမျိုးတစ်မျိုးဖြစ်ပါသည်။ ပအိုဝ်းတိုင်းရင်းသားများတို့သည် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုနှင့် ဓလေံထုံးစံ မျိုးစုံများကိုလည်း လူမျိုးတစ်မျိုးရဲ့ အင်္ဂါလက္ခဏာပြည့်စုံစွာ ပိုင်ဆိုင်ထားသော လူမျိုးတစ်မျိုး ဖြစ်ပါတယ်။
----------------------------------------------------------------------------------------------
ပအိုဝ်းတိုင်းရင်းသားများ ပထမဦးဆုံး အသုံးပြုခဲ့သော အလံမှာ ၁၉၂၈-ခုနှစ်၊ ဖြားတန်ကောင်ခယ် ဦးဆောင်သော ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေး အလံဖြစ်သည်။ ၎င်းအလံသည် အလျား (၉)ပေ၊ အနံ (၅)ပေ ရှိသော အစိမ်းရောင်ဖြစ်သည်။ အစိမ်းရောင်၏ အလယ်ဗဟိုတည့်တည့်တွင် အဖြူရောင်စက်ဝိုင်း ပါရှိသည်။ အဖြူရောင်စက်ဝိုင်းအတွင်းတွင် တိုင်ရင်းဘက်သို့ မျက်နှာမူထားသော ထိုင်နေသည့် ခြင်္သေ့ပုံ ပါရှိသည်။ အစိမ်းရောင်၏ အဓိပ္ပာယ်မှာ နုပျိုလန်းဆန်းခြင်း၊ ပေါ့ပါးသွက်လက် ရွှင်လန်းခြင်းနှင့် အေးချမ်းသာယာခြင်းကို ဖော်ဆောင်သည်။ အဖြူရောင်သည် ဖြူစင်သန့်ရှင်းခြင်း၊ ကျစ်လစ်သိမ်မွေ့နူးညံ့ခြင်းနှင့် အေးချမ်းသာယာ တည်ငြိမ်သော သဘောကို ဆောင်ပါသည်။ ခြင်္သေ့သည် ခွန်အား ကြီးမား၍ လျင်မြန်သွက်လက် ပေါ့ပါးစွာလှုပ်ရှားနိုင်သော အစွမ်းရှိသည်။
ဒုတိယကမ္ဘာစစ်အပြီး
အာရှနိုင်ငံများ ကိုလိုနီလက်အောက်မှ လွတ်မြောက်ရန်
အမျိုးသားလှုပ်ရှားမှုများ စတင်ကြိုးပမ်းလာခဲ့ကြသည်။ မြန်မာနိုင်ငံသည်လည်း
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ လွတ်လပ်ရေး ရရှိရန် အပူတပြင်း
ကြိုးပမ်းလာခဲ့ကြသည်။ ၁၉၄၆-ခုနှစ်၊ ပထမ ပင်လုံညီလာခံနှင့် ၁၉၄၇-ခုနှစ်တွင်
ဒုတိယ ပင်လုံညီလာခံ ကျင်းပနိုင်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးကို အတူတကွရယူရန်
တောင်တန်းဒေသ တိုင်းရင်းသားများနှင့် သဘောတူညီမှု ရရှိခဲ့သည်။ ရှမ်းပြည်နယ်
ပြည်သူ့လွတ်လပ်ရေးအဖွဲ့နှင့်အတူ ပအိုဝ်းလူငယ်များ ပါဝင်လှုပ်ရှားခဲ့ကြသည်။
၁၉၄၆-ခုနှစ်တွင် တောင်ကြီးဒေသ၊ ဟိုပုံးဒေသ၊ လွိုင်လင်ဒေသနှင့်
ဆီဆိုင်ဒေသအတွင်း ပအိုဝ်းအမျိုးသားများကို စတင်စည်းရုံးခဲ့ကြသည်။
၁၉၄၇-ခုနှစ်တွင် ပအိုဝ်း အမျိုးသား ကိုယ်စားပြု ပအိုဝ်းလွောင်;ဗူ;ဥက္ကဋ္ဌ
အဖြစ် ဦးဘိုးခင်အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ဦးခမ်းခိုင်အား
လည်းကောင်း ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
ပအိုဝ်းအမျိုးသား ကိုယ်စားပြု
ပအိုဝ်းလွောင်;ဗူ; (ခေါ်) ပအိုဝ်းစုစည်းအဖွဲ့၏ အလံမှာ အလျား(၉)ပေ၊
အနံ(၅)ပေရှိ အစိမ်းရောင်ဖြစ်ပြီး အစိမ်းရောင်၏ အလယ်ဗဟိုတွင်
အဖြူရောင်စက်ဝိုင်း ပါရှိသည်။ အဖြူရောင်စက်ဝိုင်း၏ အလယ်တွင်
ယခင်အသုံးပြုခဲ့သော ခြင်္သေ့အစား ဒေါင်းပုံကို အသုံးပြုခဲ့သည်။
၁၉၅၀-ပြည့်နှစ်တွင် ပအိုဝ်းလွောင်;ဗူ; (ခေါ်) ပအိုဝ်းစုစည်းအဖွဲ့အစား
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အတိုကောက်အားဖြင့် (ပအမဖ)ကို အမည်ပြောင်း၍
အသစ်ထပ်မံ ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ)၏
ဥက္ကဋ္ဌ ဗိုလ်ဟိန်မောင်အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ်
ဦးဖေရှင်အားလည်းကောင်း ရွေးချယ်တင်မြှောက် တာဝန်ပေးအပ် ခဲ့ကြသည်။
၁၉၅၀-ပြည့်နှစ်မှစ၍ ပြည်ထောင်စုအမျိုးသား
အဖွဲ့ချုပ် (ပအမဖ) အမှုဆောင်များနှင့် ပအိုဝ်းအမျိုးသား
ခေါင်းဆောင်ကြီးများမှ အသင်းအဖွဲ့တစ်ခုတွင် မရှိမဖြစ် အထူးလိုအပ်လှသော
ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (ပအမဖ) ဖွဲ့စည့်းပုံ
အခြေခံစည်းမျဉ်းဥပဒေကို ပြုစုရေးဆွဲခဲ့ကြပါသည်။ အဆိုပါ ဖွဲ့စည်းပုံအခြေခံ
စည်းမျဉ်းဥပဒေတွင် နိဒါန်း၊ အခန်း (၈)ခန်းနှင့် နိဂုံးဟူ၍ ပါရှိခဲ့သည်။
အခန်း(၁) အပိုဒ်(၃)တွင် အလံတော်၏ အချိုးမှာ အလျား (၉)ပေ၊ အနံ (၅)ပေ
အချိုးဖြစ်၍ အလံတော်၏ ထက်ဝက် (၂ပေ ၊၆လက်မ) အောက်ခံသည်
အစိမ်းရင့်ရောင်ဖြစ်သည်။ တိုင်ရင်းဘက် အပြာရင့်ရောင်၏ အလျား (၄ပေ ၊ ၆လက်မ)၊
အနံ (၂ပေ ၊ ၆လက်မ)၊ အဖျားဘက် အနီရောင်၏ အလျား (၄ပေ ၊ ၆လက်မ)၊ အနံ (၂ပေ ၊
၆လက်မ) ရှိရမည်။ အပြာရင့်ရောင်၏ အထက်ထောင့်စွန်းတွင် အချင်း (၁၈)လက်မ
ကြယ်ဖြူကြီးတစ်လုံး ပါရှိရမည်။ ဤအလံတော်မှာ ယာယီသတ်မှတ်ချက် ဖြစ်သည်ဟူ၍
ဖော်ပြပါရှိခဲ့သည်။
ပအိုဝ်းအမျိုးသားအလံတော်ပါ ကြယ်နှင့်
အရောင်များ၏ အနက်အဓိပ္ပာယ် ဖော်ညွန်းချက်များမှာ ကြယ်၏ အဓိပ္ပာယ်မှာ
ကြယ်တို့မည်သည် လမ်းခရီးတွင် ရပ်တံ့ခြင်းမရှိ၊ သွားမြဲခရီးကို မစွန့်၊
ခရီးစဉ်အတိုင်း ရှေ့သို့သာ ဆက်၍ ခရီးနှင်လေ့ရှိခြင်း၊
ကမ္ဘာကြီးဖြစ်တည်ခဲ့သည့်အချိန်မှစ၍ လွတ်လွတ်လပ်လပ် ကိုယ်ပိုင်သီးသန့်
အလင်းရောင်ရှိခြင်း စသည့် အရည်အသွေးများ ရှိသည့်အပြင် ပအိုဝ်မျိုးနွယ်စု
အားလုံးကို ကိုယ်စားပြု၍ တစ်လုံးတည်းသောကြယ်ကို သတ်မှတ်ရခြင်းဖြစ်သည်။
အစိမ်းရင့်ရောင်သည် နုပျိုလန်းဆန်းခြင်း၊ ပေါ့ပါးသွက်လက်ခြင်း၊
ရွှင်ရွှင်လန်းလန်းရှိခြင်း အဓိပ္ပာယ်ကို ဆောင်သည်။ အနီရောင်သည် ရဲရင့်ခြင်း၊
ပြတ်သားခြင်း၊ သွက်လတ်ဖျတ်လတ်ခြင်း အဓိပ္ပာယ်ဆောင်သည်။ အပြာရင့်ရောင်သည်
အိနြေ္ဒရှိခြင်း၊ သိက္ခာရှိခြင်း၊ ယုံကြည်စိတ်ချရခြင်း၊ အဓိပ္ပာယ်ဆောင်သည်။
အလံ၏အရွယ်များမှာ ကြီးငယ်မဟူ ထိုအမျိုးအစားအတိုင်း ကိုက်ညီနိုင်သမျှ
ကိုက်ညီရမည်ဖြစ်သည်။ အထက်ပါပအိုဝ်းအလံတော်ကို ၁၉၅၅-ခုနှစ်၊ ဇန်န၀ါရီလ
(၅)ရက်နေ့နှင့် (၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စု
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ညီလာခံမှ အတည်ပြုကြောင်း
ဆုံးဖြတ်ခဲ့ပါသည်။
-------------------------------------------------------------------------------------------------------------
ပအိုဝ်းအလံတော်သည်။
(အလံပါကြယ်နှင့် အရောင်များ၏အဓိပ္ပာယ်ဖွင့်ဆိုချက်များ)
(က) ကြယ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
နိုင်ငံတိုင်း၊ လူမျိုးတိုင်း၏ အများစုသည် ကြယ်သင်္ကေတကို အများဆုံး အသုံးပြုလေ့ရှိကြောင်းတွေ့ရှိရပါသည်။ မြန်မာအဘိဓာန်ကျမ်းစာအုပ်တွင် ကြယ်ကိုအဓိပ္ပာယ် ဖွင့်ဆိုထားသည်မှာ ညအခါ၌
ကောင်းကင်တွင် အလင်းရောင် အပွင်းကလေးများသဖွယ် မြင်ရသော ကောင်းကင်ဗိမာန်
နက္ခတ်တာရာဟု ဖော်ပြထားသည်။ ကြယ်တို့သည်အေးမြသော အလင်းရောင်ကို ပေးသည်ဟု
လူသားတို့ထင်မှတ်ကြသည်။ အမှန်မှာ ကြယ်များသည်လည်း နေကဲ့သို့ အလင်းရော အပူပါ
လွှတ်ပေးလျှက် ရှိသည်။ နေတွင်ရှိသော ဓာတ်သဘာဝအားလုံး ကြယ်တွင်ရှိသည်။
အချို့သော ကြယ်များသည် နေထက် အဆပေါင်းများစွာ ပိုမို၍ တောက်ပကြသည်။
အားကောင်းသော မှန်ပြောင်းများဖြင့် ကြည့်လျှင် ကြယ်ပေါင်း
သိန်းတစ်ထောင်ခန့်ကို မြင်နိုင်သည်။ ကိုယ်ပိုင်အလင်းရောင်ရှိသော
ကြယ်ပေါင်းများစွာ ရှိသကဲ့သို့ ကိုယ်ပိုင်အလင်းရောင်မရှိသော
ကြယ်ပေါင်းများစွာလည်းရှိသည်။
အလံများတွင်ကြယ်ဖြင့်အမှတ်အသားပြု၍
ဖော်ပြရခြင်းမှာ ကြယ်တို့မည်သည် လမ်းခရီးတွင် ရပ်တံ့ခြင်းမရှိ၊
သွားမြဲခရီးကို အစွန့်ပစ် ခရီးစဉ်အတိုင်း နောက်တွန့်သည်မရှိဘဲ
ရှေ့သို့သာဆက်၍ဆက်၍ ခရီးနှင်လေ့ရှိခြင်း၊ ကမ္ဘာဖြစ်တည်ခဲ့သည့် အချိန်မှစ၍
လွတ်လွတ်လပ်လပ် ကိုယ်ပိုင်သီးသန့် အလင်းရောင်ဖြင့် တည်ရှိခဲ့ခြင်း စသော
ဂုဏ်၊ အရည်အသွေးများရှိခြင်း ကြောင့်ပင်ဖြစ်သည်။
(ခ) အဖြူရောင် အဓိပ္ပာယ်ဖွင့်ဆိုချက်
အဖြူရောင်သည် လမင်း၏ အရောင်ဖြစ်၍
အေးချမ်းမှုကို ဖြစ်စေသည်။ ဖြူစင်သန့်ရှင်းခြင်း၊ ကျစ်လစ်သိပ်သည်းခြင်း၊
သိမ်မွေ့နူးညံ့ခြင်း စသည့် အေးချမ်းသာယာ တည်ငြိမ်သော သဘောကို ဆောင်သည်။
စည်းကမ်းရှိသော၊ စည်းစနစ်ရှိသော အစွမ်းသတ္တိရှိသည်။ ကျန်းမာရေးကို
အထောက်အကူပြုသော သဘောကို ဆောင်သည်။ ဆေးရုံများတွင် လူနာကုတင်၊ အိပ်ယာခင်း၊
ခေါင်းအုံးစွပ်၊ ခန်းစည်းနှင့် ဆရာဝန်ဝတ်စုံများသည် အဖြူရောင်ကိုသာ
အသုံးပြုကြသည်။ အဖြူရောင်ကို မကျန်းမာသူ လူမမာ တွေ့လိုက်ရရုံဖြင့်
စိတ်ချမ်းသာပြီး ရောဂါသက်သာစေ၍ သောက၊ ဒုက္ခများ ပြေပျောက်စေသည်။
ခေါင်းအုံးစွပ်ဖြူဖြူဖြင့် အိပ်စက်လျှင် အိပ်မက်လိုလို မက်တတ်သည်။
အရောင်တောက်ပသော ခေါင်းအုံးစွပ်များနှင့် အိပ်စက်လျှင် အိပ်မက်ဆိုးများ
မက်တတ်သည်။
(ဂ) အနီရောင် အဓိပ္ပာယ်ဖွင့်ဆိုချက်
အနီရောင်၏ အဓိပ္ပာယ်သည် ရဲရင့်ခြင်း၊
သွက်လက်ဖျတ်လတ်ခြင်း၊ ခြေမြန်လက်မြန်ရှိခြင်း၊ ပြိုင်ဘက်အပေါ်
အနိုင်ရလိုမှုစိတ်ဓာတ် ပြင်းထန်ခြင်း၊ သူရဲကောင်းဆန်ခြင်း၊ စိတ်ဓာတ်ကို
တက်ကြွအောင် လှုံ့ဆော်ပေးခြင်း၊ စိတ်ဓာတ်ပျော့ညံ့သူကို
စိတ်ဓာတ်တက်ကြွစေခြင်း စသောသဘောများ ဆောင်သည်။ အားကစားသမားများ
အနီရောင်ဝတ်စုံ ၀တ်ကစားလိုက်လျှင် စွမ်းအင်များ အလိုလိုပြည့်ဝ တိုးတက်ပြီး
အနိုင်ရလိုစိတ် ပြင်းထန်တတ်ကြသည်။ အနီရောင်ကို ကြိုက်နှစ်သက်သော လူများသည်
ရဲစွမ်းသတ္တိရှိသူ၊ နိုးကြွားတက်ကြွ လှုပ်ရှားလိုသူ၊ အတိုက်အခိုက် ၀ါသနာပါသူ၊
ဆွဲဆောင်စည်းရုံးတတ်သူများ ဖြစ်တတ်ကြသည်။
(ဃ) အပြာရောင် အဓိပ္ပာယ်ဖွင့်ဆိုချက်
အပြာရောင်၏ အဓိပ္ပာယ်သည် အိနြေ္ဒရှိခြင်း၊
သိက္ခာရှိခြင်း၊ ယုံကြည်စိတ်ချရခြင်း စသော အရည်အချင်းများ ရှိသည်။
ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုကို ဖြစ်စေပြီး စိတ်ပြေပျောက်မှု အသွင်ကို
ဖန်တီးပေးနိုင်သည်။
အသက်ရှင်သန်မှုကို
အားပေးနိုင်စွမ်းရှိသည်။ အောင်မြင်မှုရလိုလျှင် အပြာရောင်ကို
အသုံးပြုလေ့ရှိကြသည်။ တစ်နည်းအားဖြင့် အပြာရောင်သည် ခံစားထိခိုက်လွယ်သော၊
အေးချမ်းစွာနေလိုသော၊ ပျော်ရွှင်မှုကို မက်မောတတ်သော၊ ခံစားမှုများကို
ထိန်းချုပ်နိုင်သော သဘောလည်း ရှိသည်။ ထို့ကြောင့် အပြာရောင်ကို
ကြိုက်နှစ်သက်သူများသည် နူးညံ့ပျော့ပြောင်းသော နှလုံးသားရှိသူ၊ သူတစ်ပါး၏
မေတ္တာကို ခံယူလိုသူ၊ မေတ္တာထားတတ်သူ ဖြစ်သကဲ့သို့ မိခင်စိတ်ရှိသူ၊
အပြစ်ကင်းကင်း နေလိုသူများလည်း ဖြစ်တတ်ကြသည်။
(င) အစိမ်းရောင် အဓိပ္ပာယ်ဖွင့်ဆိုချက်
အစိမ်းရောင်၏ အဓိပ္ပာယ်သည်
နုပျိုလန်းဆန်းခြင်း၊ ပေါ့ပါးသွက်လက်ခြင်း၊ ရွှင်ရွှင်လန်းလန်း ဖြစ်စေခြင်း၊
အိုမင်းရင့်ရော်ခြင်းကို တိုက်ဖျက်ခြင်း သဘောရှိသည့် အပြင် သစ္စာရှိသော၊
ကတိတည်သော၊ ကြင်နာဂရုဏာတရား ကြီးမားသော၊ သူတစ်ပါးကို ကူညီတတ်သော၊
ချိုသာရည်မွန်သော သဘောများကို ဆောင်ပါသည်။ အစိမ်းရောင်သည်
ကြည်လင်အေးချမ်းသော သဘောရှိသဖြင့် လယ်ကွင်းပြင်စိမ်းကို ကြည့်ရှု ရခြင်းသည်
ခြောက်သွေ့နေသော ကန္တာရကို ကြည့်ရှုရခြင်းထက် စိတ်ချမ်းသာမှု၊
အေးချမ်းသာယာပျော်ရွှင်မှုကို ပို၍ဖြစ်စေသည်။ နိုင်ငံတကာ ဆေးရုံများ၏
လူနာခြုံစောင်များ၏ အရောင်မှာ အစိမ်းရောင်ကို အသုံးပြုလေ့ ရှိကြသည်။
လေအေးပေးစက် တပ်ဆင်ထားသော အခန်းကို အနီရောင်ဆေး သုတ်ပေးခြင်းထက်
အစိမ်းရောင်ဆေး သုတ်ပေးခြင်းက အအေးဓာတ် ပိုစေနိုင်ပါသည်။ အစိမ်းရောင်ကို
ကြိုက်နှစ်သက်တတ်သူသည် အပူအပင်မရှိ၊ စိတ်ကူးယဉ်တတ်သူ ဖြစ်လေ့ရှိကြသည်။
No comments:
Post a Comment